ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ဒီပဲယင်း (၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

Saturday-30 May 2009 ဉာဏ်မောင်

ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု (၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည့်တို့ ဦးဆောင်သည့် လူထုစည်းရုံးရေးခရီးစဉ်အတွင်း မုံရွာခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီး အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ကျဆုံးသွားခဲ့ရသော အန်အယ်လ်ဒီအဖွဲ့ဝင်များနှင့် ပြည်သူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။



အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း

အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း (ဓါတ်ပုံ - Yoma3)
အဆိုပါ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် စစ်အစိုးရ ပါဝင်ပတ်သက်နေသည့်အတွက် ၆ နှစ်ကြာသည့် ယနေ့အချိန်ထိ တရားခံမပေါ်ဘဲ ဖုံးကွယ်ထားနိုင်ခဲ့တာဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက အခမ်းအနားတွင် ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လူထုစည်းရုံးရေးခရီးစဉ်တွေ အားကောင်းလာတဲ့အတွက် ပြည်သူနဲ့ တသားတည်းဖြစ်လာတာကို ခွဲဖို့ နအဖစစ်အစိုးရက ပြင်ဆင်မှုရှိရှိ ဆောင်ရွက်လာတဲ့ အချက်အလက်တွေ၊ ကျည်ရွာမှာ လူအင်အားအများကြီးနဲ့ ကားမီးတွေထိုးပြီး ညမှာ အော်ပရေးရှင်းတခုလို လုပ်ကိုင်နိုင်တဲ့ကိစ္စဟာ နအဖကိုယ်တိုင်ပါလို့ အထမြောက်တာဖြစ်တယ်၊ အခုချိန်ထိလည်း တရားခံမပေါ်ဘဲ ဖုံးအုပ်ထားနိုင်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါအခမ်းအနားကို ဦးဆောင်ကျင်းပရာတွင်ပါဝင်သည့် သံဃာတော် အရှင်ဣဿရိယက “ဦးဇင်းတို့နိုင်ငံမှာ မတရားမှူတွေ ကျူးလွန်ခဲ့တာကြာပြီ၊ အထင်ရှားဆုံးကတော့ ဒီပဲယင်းက မှတ်တိုင်တခုပါ၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ သတ်ဖို့လုပ်တယ်၊ အဲဒီမှာ အဖွဲ့ဝင်တော်တော်များများ သေဆုံးခဲ့တယ်၊ အဲဒီလို မတရားမှုတွေ ကျူးလွန်ခံခဲ့ရပေမယ့် ဒီနေ့အထိ အရေးမယူနိုင်သေးတာဟာ သံဃာတော်တွေရော ပြည်သူတွေရော ကမ္ဘာသူကမ္ဘာသားတွေအားလုံးမှာပါ တာဝန်ရှိတယ်” ဟု မိန့်ကြားသည်။

ဒီပဲယင်း (၆) နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲကို အဖွဲ့ချုပ်ဌာနချုပ်နှင့် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးမြို့များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များကလည်း ဒီပဲယင်းတွင် ကျဆုံးသူများအတွက် ရည်စူးကာ ဆွမ်းကပ်လှူဒါန်း၍ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment