ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ချေးငွေထုတ်ပေးသော်လည်း အချိန်တန်လျှင် လယ်မြေသိမ်းခံရမည့်အရေး စိုးရိမ်နေ

Tuesday-09 June 2009 ရိုးမ ၃

ထူးကုမ္ပဏီများက စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးမည်ဟုဆိုကာ စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်နေသော်လည်း ဒေသခံလယ်သမားများအနေဖြင့် အချိန်တန်လျှင် လယ်မြေများ အသိမ်းခံရမည်ကို စိုးရိမ်နေသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘိုကလေးမြို့နယ်သို့ အနောက်တောင်တိုင်း တိုင်းမှူးနှင့် ဝန်ကြီးတို့ ဦးဆောင်ကာ ထူးကုမ္ပဏီတာဝန်ရှိသူများက ဒေသခံလယ်သမားများကို ဆင့်ခေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လယ်တဧကကို ငါးသောင်းထုတ်ချေးမယ်၊ စပါးပေါ်တဲ့အခါမှာ သူတို့ကို စပါးရောင်းရမယ်၊ ဒေသကာလပေါက်ဈေးနဲ့ ဝယ်မယ်ပြောတယ်၊ မရောင်းချင်ရင် ၂ ကျပ်တိုးနှုန်းနဲ့ ပြန်ဆပ်ရမယ်၊ ဆန္ဒရှိရင် ဆောင်ရွက်နိုင်တယ်ပြောတယ်၊ ဒါပေမဲ့ လယ်သမားတွေက ပြန်မဆပ်နိုင်ရင် လယ်သိမ်းမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

ယင်းကဲ့သို့ ငွေချေးရန်အတွက် ထူးကုမ္ပဏီက ငွေကျပ်သိန်းပေါင်း ၅ သောင်းရင်းနှီးမတည်မည်ဖြစ်ပြီး ပထမအရစ်အနေဖြင့် ကျပ်သိန်း ၃ သောင်းကို ထုတ်ချေးပြီး ကျပ်သိန်း ၂ သောင်းကို ဒေသတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်များကို အစုဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်ဟု ဆက်ပြောသည်။

“ဒေသတွင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်၊ ကုန်သည်လုပ်ငန်းရှင်တွေက အစုရှယ်ယာ ပါဝင်နိုင်မယ်၊ နောက်ထပ် နွေစပါးဧက ၄ သောင်းအတွက် သိန်းပေါင်း ၅ သောင်း ရင်းနှီးမြှုပ်နှံမယ်၊ လက်ရှိအခြေအနေမှာတော့ လယ်သမားတွေနဲ့ ဘယ်လို စာချုပ်ချုပ်မယ်ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံလယ်သမားများအနေဖြင့် နာဂစ်မုန်တိုင်းပြီးကတည်း လယ်မြေများမှာ စပါးအထွက်နှုန်း မကောင်းသဖြင့် အချိန်တန်လျှင် ငွေပြန်မဆပ်နိုင်မည်ကို စိုးရိမ်သည့်အတွက် ချေးငွေထုတ်ယူသူ နည်းနိုင်ကြောင်း ဒေသခံလယ်သမားက ခန့်မှန်းပြောဆိုသည်။

“လယ်တွေက ရေငန်ရိုက်ပြီး မထွက်တော့တဲ့အတွက် အခုလိုပေးတာ ယူလိုက်ရင် ပြန်ဆပ်ဖို့ ပြဿနာတွေဖြစ်လာနိုင်တယ်၊ နည်းနည်း ငွေကြေးအဆင်ပြေတဲ့သူတွေကတော့ မယူဘူး၊ မတတ်နိုင်တဲ့သူတွေကတော့ ယူကြမဲ့သဘောရှိတယ်” ဟု ပြောသည်။

အဆိုပါ ထူးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာတဦးက ဘိုကလေးမြို့ ပညာရေးကောလိပ်ကျောင်းဝန်းအတွင်း ရုံးထိုင်ကာ ငွေချေးမည့်ကိစ္စများကို စီမံခန့်ခွဲ့သွားမည်ဖြစ်ပြီး ကြိမ်ချောင်းကြီးကျေးရွာအုပ်စုများကို ပထမဦးစားပေးအနေဖြင့် စတင်လုပ်ဆောင်မည်ဖြစ်သည်။

“စာချုပ်တွေ ချုပ်ပြီးရင် သူတို့ ဆင်းကြည့်မယ်၊ သူတို့နဲ့အဆင်ပြေတဲ့သူကို ပေးမှာ၊၊ အဲလို ကုမ္ပဏီအနေနဲ့ ဘာကြောင့် အစိုးရဌာမှာ ရုံးထိုင်ခွင့်ရသလဲဆိုတာကလည်း ကျနော်တို့အတွက် စဉ်းစားစရာဖြစ်နေတယ်၊ ငွေချေးမဲ့သူက အခု လျှောက်လွှာတင်လို့ရပြီ၊ ကြိမ်ချောင်းကြီးမှာ သူတို့အထိုင်ချပြီး မြို့ကွက်ဖြစ်ဖို့ လုပ်နေတာလဲရှိတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စုပေါင်း ၆၉ အုပ်စုရှိပြီး ၎င်းဒေသတွင်းမှ လယ်သမားများမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခဲ့ပြီး ယခုကဲ့သို့ ချေးငွေပေးမည့် အစီစဉ်မှာလည်း ပြန်မဆပ်နိုင်လျှင် လယ်မြေများ သိမ်းဆည်းခံရနိုင်သည့်အတွက် စဉ်းစားသင့်ကြောင်း ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသည်။

No comments:

Post a Comment