ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ဓါတ်အားလိုင်းတိုင်များကြောင့် ဒေသခံများ ပျိုးပင်ပျက်စီးပြီး စိုက်ပျိုးရန်အခက်တွေ့

Monday-08 June 2009 ဉာဏ်မောင်

လျှပ်စစ်ဓါတ်အားလိုင်းတိုင်များ ပြုပြင်ရန် မြေကျင်းများ အဆမတန်တူးသဖြင့် ဒေသခံလယ်မားများ စိုက်ပျိုးထားသည့် စပါးပျိုးပင်များ ပျက်စီးသွားသည့်အတွက် မိုးစပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေကန်ဖြူကျေးရွာအုပ်စုအတွင်း ကွင်းအမှတ် (၁၈၇/ဃ) တွင် ဓါတ်အားတိုင် ယိုင်သွားသည်ကို ပြန်ပြင်ရန် လယ်ကွက်အတွင်း စပါးပျိုးထောင်ထားသည့် နေရာများတွင် ကျင်းများ ထပ်တူးနေသည့်အတွက်ကြောင့် ဖြစ်သည်။

“လယ်ထဲက တိုင်က မြေနိမ့်ပြီး စောင်းသွားတော့ ကုမ္ပဏီက လူတွေက အဲဒီတိုင်ကို ပြန်မတ်ဖို့အတွက် အဲဒီလယ်ကွက်ထဲမှာ နောက်ထပ် ကျင်းတွေ ထပ်တူးတော့ ပျိုးထောင်ထားတဲ့ ပျိုးပင်တွေက အကုန်ပျက်စီးကုန်တဲ့အပြင် လျှော်ကြေးလဲ ဘာမှမပေးဘူး” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

အဆိုပါလယ်မြေမှာ ရေဖြူကန်ကျေးရွာအုပ်စုမှ ကိုကျော်စိုးပိုင်ဆိုင်သည့် မြေဖြစ်ဖြစ်ပြီး လယ်ဧယ်က ၀.၅၀ ခန့် ပျိုးထောင်ထားသည့် အပင်များ ပျက်စီးသွားသဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းဓါတ်အားလိုင်း တာဝါသုံးဆင့်တိုင်များမှာ ရွှေကျင်ရေအားလျှပ်စစ်မှ ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓါတ်အားများကို မဟာဓါတ်အားလိုင်းပေါ် တင်ရန်အတွက် ဖြစ်သည်။

“အဲဒီလိုစဖြစ်တာက ကုမ္ပဏီကလူတွေက တိုင်စိုက်တဲ့နေရာမှာ ကွန်ကရစ်လောင်းဖို့ သုံးတဲ့ ဘိလပ်မြေတွေကို ထုတ်ရောင်းတယ်၊ တအိတ်ကို သုံးထောင်နဲ့ ရောင်းတယ်၊ မူလီနပ်တိုင်တွေ ရောင်းတယ်ဆိုတော့ မခိုင်ခံ့တော့ဘဲ ဖြစ်ရတာ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ဓါတ်အားလိုင်းတိုင်များ စတင်ဆောက်လုပ်စဉ်ကတည်းက ဒေသခံများ စိုက်ပျိုးထားသည့် ပဲများ ဆုံးရှုံးခဲ့ပြီး ယခုအခါ ပျိုးထောင်ထားသည့် အပင်များပါ ထပ်မံ ပျက်စီးဆုံးရှုံးနေခြင်းဖြစ်သည်။

“ပဲစိုက်တုန်းကလဲ ပျက်တယ်၊ လျော်ကြေးမရဘူး၊ ပျိုးစပါးတွေလဲ ပျက်တယ်၊ နောက်ထပ် ရွာလမ်းကိုလည်း တန်ချိန်ပိုနေတဲ့ အဲဒီကုမ္ပဏီက ကားတွေကို မောင်းတော့ လမ်းတွေလဲ ပျက်ကုန်ပြီ၊ ဒါပေမဲ့ ကုမ္ပဏီက ဘာမှ တာဝန်ယူဆောင်ရွက်ပေးတာမရှိသေးဘူး” ဟု ဒေသခံလယ်သမားက ဆက်ပြောသည်။

No comments:

Post a Comment